ဒုက္ခသည် စခန်းရောက် အိန်ဂျယ်လီ နာဂျိုလီ မြန်မာ အစိုးရကို ဝေဖန်ထိုးနှက်

0
112

ဘင်္ဂ လားဒေ့ရှ် ဒုက္ခသည်စခန်းရောက် အိန်ဂျယ်လီနာဂျိုလီ မြန်မာအစိုးရကို ဝေဖန်ထိုးနှက် ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏အထူးကိုယ်စားလှယ်ဖြစ်သူ ဟောလိဝုဒ်မင်းသမီး အိန်ဂျယ်လီနာဂျိုလီက ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရတွင် အပြည့်အ၀ တာဝန်ရှိကြောင်း ဝေဖန်လိုက်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်များထွက်ပြေးခိုလှုံရမှုကိုဖြစ်စေခဲ့သော တိုက်ခိုက်ရန်ပြုမှုများ အဆုံးသတ်နိုင်ရေးအတွက် မြန်မာအစိုးရအနေဖြင့် စစ်မှန်သော စိတ်ဆန္ဒရှိမှုကို ပြသရန်လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။
အိန်ဂျယ်လီနာဂျိုလီသည် လူဦးရေ ၇ သိန်းကျော်ခန့် ခိုလှုံလျက်ရှိသော ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်များနှင့်တွေ့ဆုံမှု ဒုတိယနေ့တွင် ယင်သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂအနေဖြင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များအတွက် ဒေါ်လာ ၁ ဘီလီယံ တင်ပြတောင်းခံမည့် အစီအစဉ်ရှိနေရာ ထို့မတိုင်မီ ကုလ ဒုက္ခသည်အေဂျင်စီ၏ အထူးကိုယ်စားလှယ် အိန်ဂျယ်လီနာဂျိုလီက လာရောက်ခြင်းဖြစ်သည်။
“သူတို့ဘ၀တလျောက်လုံး တိရစ္တာန်တွေလို ဆက်ဆံခံရပြီး နှိပ်ကွပ်မှုနဲ့ နိုင်ငံမဲ့မှုကိုသာ သိရှိခဲ့ရတဲ့ မိသားစုတွေနဲ့ ဆုံတွေ့လိုက်ရတာဟာ အထူး စိတ်မချမ်းသာစရာ ဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေဟာလည်း အခြားနေရာတွေမှာ တွေ့ဆုံခဲ့တဲ့ ဒုက္ခသည်များနည်းတူ အိမ်ပြန်ချင်ကြတယ်ဆိုတဲ့အချက်ကတော့ အတူတူပဲဖြစ်ပါတယ်”ဟု သူမက ဆိုသည်။
ဒုက္ခသည်များအနေဖြင့် ၎င်းတို့၏အခွင့်အရေးများကို လေးစားလိုက်နာမှုရှိချိန်၊ နေရပ်ပြန်ရပ် လုံလောက်သော လုံခြုံစိတ်ချမှုရှိချိန်မှာသာ နေရပ်ပြန်သင့်ကြောင်းလည်း သူမက ပြောသည်။
“ဒီအခွင့်အရေးတွေကို အာမခံပေးနိုင်ဖို့နဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင်ဆောင်ရွက်ပေးဖို့အတွက် မြန်မာအစိုးရနဲ့ မြန်မာ အာဏာပိုင်များအပေါ်မှာ အတိအလင်း တာဝန်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ လူ့အသိုက်အ၀န်းတွေအားလုံးအတွက် လူနေမှုအခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့နဲ့ တိုက်ခိုက်ရန်ပြုမှုသံသရာကို အဆုံးသတ်နိုင်ဖို့ ကျွန်မအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းလိုပါတယ်”ဟု သူမက ပြောသည်။
အိန်ဂျယ်လီနာဂျိုလီသည် ၂၀၁၅ ခုနှစ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ထိုစဉ်ကလည်း ဘင်္ဂါလီဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ ထို့မတိုင်မီ ၂၀၀၆ ခုနှစ်ကလည်း အိန္ဒိယတွင် ၎င်းဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ဖူးသည်။
သူမသည် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen တို့နှင့် မြို့တော် ဒါကာတွင် တွေ့ဆုံပြီး ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်ကြောင်း ကုလ၏ထုတ်ပြန်ချက်အရ သိရသည်။ ထိုသို့တွေ့ဆုံရာတွင် ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးနှင့် ရေရှည်အစီအစဉ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။News Watch